ပြည်ထောင်စုမြန်မာနိုင်ငံသည်
တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်းတည်ထောင်ထားသောနိုင်ငံတစ်နိုင်ငံဖြစ်၏။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်ကြသောတိုင်းရင်းသားများ၏မူလဒေသရင်းကားတရုတ်အနောက်ပိုင်းမွန်ဂိုကုန်းမြင့်ဒေသဖြစ်လေသည်။
မွန်ဂိုကုန်း မြင့်ဒေသတွင်အနေကြာလာသောအခါ လူဦးရေတဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာဒေသများကိုရှာဖွေ၍
ပြောင်းရွှေ့ကြပြန်၏။ ထိုသို့ပြောင်းရွှေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊
မဲခေါင်မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှတစ်ဆင့်
မြန်မာနိုင်ငံအတွင်းသို့ရောက် ရှိလာခဲ့ပါသည်။
မြန်မာပြည်တွင်းသို့ အုပ်စုသုံးစုကွဲ၍၀င်ရောက်လာကြ၏။ ယင်းအုပ်စုသုံးစုမှာ -
(၁) မွန်ခမာအုပ်စု၊
(၂) တိဗက်မြန်မာအုပ်စု၊
(၃) ထိုင်းတရုတ်အုပ်စု တို့ဖြစ်သည်။
ယင်းအုပ်စုကြီးသုံးစုအနက် တိဗက်မြန်မာအုပ်စုတွင် ကချင်အုပ်စု၊
မြန်မာနှင့်ရှေးမြန်မာအနွယ်အုပ်စု၊ လိုလိုမုဆိုးအုပ်စုဟူ၍ အုပ်စု
သုံးစုခွဲကာဝင်ရောက်လာကြသည်။ သို့ရာတွင် တစ်စုနှင့်တစ်စုဝင်ရောက်လာကြသည့်
အချိန်ကားမတူကြပေ။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ စာမျက်နှာ ၃၀ ၌ မြန်မာ ၇ မျိုးထဲတွင် မြန်မာ၊ ယော
(ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူ ဟုရေတွက်ထားသည်ကိုထောက်လျှင်
တောင်သူအမည်ခံခဲ့သော ပအိုဝ်းသည်တိဗက်မြန်မာအုပ်စုတွင်ပါဝင်လိမ့်မည်ဟု ယူဆရပေသည်။
တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့် ကရင်ဟုသတ်မှတ်ထား၏။
ပအိုဝ်းကို ကရင်အုပ်စုတွင်ထည့်သွင်းထား သောကြောင့် တိဗက်မြန်မာအစုပင်ဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။
ဦးဖေမောင်တင် ပြုစုရေးသားပြုစုသည့် ဘာသာလောကကျမ်းတွင် “တောင်သူ” ကား၊
လယ်ပြင်အစပ်တောင်တန်းတွင် တောင်ယာ လုပ်သူဟူ၍ ဖော်ပြထားသည်ကိုတွေ့ရပေသည်။ စာရေးဆရာမောင်သော်ကလည်း
ပြည်သူ့ကြယ်ဂျာနယ် စာ ၂၆ တွင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများဆောင်းပါးတွင်
“တိဗက်မြန်မာအစုတွင်ပါဝင်သူများမှာ ဂဒူး၊ ထမန်၊ သက်၊ နာဂ၊ ချင်း၊ ကချင်၊ ဂျင်းဖော၊
မြန်မာ၊ လရှီ၊ မိုင်း သာ၊ မွန်၊ ဓရု၊ အဇီ၊ အင်းသား၊ တောင်ရိုး၊ ဓနု၊ ယောချောင်းသား၊
ရခိုင်၊ ဗမာ (မြိတ်)၊ ဗမာ (ထားဝယ်)၊ ပဒေါင်၊ ပအိုဝ်း၊ ကယား၊ ဗရဲ၊ ကရင်၊ လီသူး၊
ယောယင်၊ လားဟူ၊ ကော် စသည့်လူမျိုးစုများပါဝင်ကြောင်း ဖော်ပြထား၏။
ဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း” စာမျက်နှာ၂၀တွင်-
“ ထိုင်းတရုတ်အနွယ်ဝင်များအနက် မြန်မာနိုင်ငံအတွင်းသို့
ရှေးအကျဆုံးဝင်ရောက်နေထိုင်သူများကား ကရင်လူမျိုးများနှင့် အနွယ်တူ ဖြစ်သော
ပအိုဝ်းတောင်သူလူမျိုးများပင် ဖြစ်ကြဖွယ်ရာရှိသည်ဟု ယုံကြည်စရာရှိလေသည်။
ယင်းပအိုဝ်းတောင်သူလူမျိုးများသည် ရှမ်းပြည် တောင်ပိုင်းဒေသတစ်ဝိုက်နှင့်
သထုံခရိုင်တွင်အခြေချနေထိုင်ခြင်းပြုကြလေသည်။ ပအိုဝ်းတောင်သူများနောက်မှ
ကရင်လူမျိုးများနှင့်အနွယ် တူလူမျိုးစုများသည် မြန်မာနိုင်ငံအတွင်းသို့
ဝင်ရောက်လာကြပြီးလျှင် ကရင်နီတောင်တန်းဒေသတစ်ဝိုက်၊ သန်လျင်ခရိုင်၊
ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ တစ်ဝိုက်တွင်အစုစုကွဲကာအခြေချနေထိုင်ကြလေသည်
” ဟုဖော်ပြထား၏။
အချို့သမိုင်းပညာရှင်များကလည်း ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း၏အယူအဆနည်းတူ
တောင်သူခေါ်ပအိုဝ်းတိုင်းရင်းသားတို့ သည်
ထိုင်းတရုတ်အုပ်စုမှဆင်းသက်လာသည်ဟုယူဆကြသည်။ ယိုးဒယားနွယ်သော တရုတ်အုပ်စု (ထိုင်းတရုတ်)
(၀ါ) (တရုတ်ထိုင်း) တွင် ကရင်အုပ်စု၊ ရှမ်းအုပ်စုနှင့်
အခြားအစုငယ်ကလေးများပါဝင်သည်။ ကရင်အစုတွင် ပါဝင်သောတိုင်းရင်းသားများမှာ စကော၊
ပကူး၊ ဘွဲ့၊ တောင်သူ၊ ကရင်ဖြူ၊ ပိုး၊ ကယား (ကရင်နီ)၊ ပဒေါင်၊ ယင်းတော်၊ ဇယိန်၊
ယင်းတလဲနှင့် ကဲခိုတို့ဖြစ်ကြသည်။ ထို့ကြောင့်တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည်
ထိုင်းတရုတ်အုပ်စုတွင်ပါဝင်နေပေသည်။
ဆာဂျေဂျော့စကော့ (Sir J. George Scott) မှတ်တမ်းအရလည်း
ပအိုဝ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံနယ်နမိတ်အတွင်း ဘက်မှသာလျှင်မကဘဲ
ယိုးဒယား၊ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းဒေသတွင်လည်းပြန့်ကျဲနေထိုင်လျက်ရှိကြောင်းဖော်ပြထား
သည်။
(Major Enrequeeze) မေဂျာအင်ကွိဇ်ပြုစုသည့် “မြန်မာနိုင်ငံ လူမျိုးများအကြောင်း”
စာအုပ်တွင်လည်း ကရင်သည် ထိုင်းတရုတ် အနွယ်မှ ဆင်းသက်သည်ဟု ရေးသားထားလေသည်။ “
ကရင်ဘ၀ဓလေ့ ” စာအုပ်တွင် ပအိုဝ်းသည်ကရင်အနွယ်စုဖြစ်ပြီး ကရင်သည် ထိုင်း
တရုတ်အုပ်စုမှဆင်းသက်လာသည်ဟု ” ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရပေသည်။
ထို့ကြောင့်အထက်ပါပညာရှင်များ၏ ယူဆချက်များ ကိုကြည့်လျှင် တောင်သူခေါ်
ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုတွင်ပါဝင်သည်ဟုလည်းကောင်း၊
ထိုင်းတရုတ်အုပ်စုတွင် ပါဝင်သည်ဟုလည်းကောင်းအယူအဆကွဲပြားနေပေသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်ဖွားတိုင်းရင်းသားအားလုံးသည်
တိဗက်ကုန်းမြေမြင့်မှပေါက်ဖွားဆင်းသက်လာသော မွန်ဂို အနွယ်ဝင်များဖြစ်၏။
မူလလူမျိုးမှာတစ်မျိုးတည်းသာလျှင်ဖြစ်ပေသည်။
အစီစဉ်မကျတာတော့ သည်းခံ ခွင့်လွတ်ကြပါခင်ဗျား
pnln000@gmail.compinlonthar.blogspot.com
No comments:
Post a Comment