Sunday, December 29, 2013

ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ(မူကြမ်း) နှင့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း)



ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ(မူကြမ်း)
(၁)    မည်သူမဆို၊ မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာတစ်ခုခုသို့ ကူပြောင်းလိုလျှင် ထိုသို့ပြုလုပ်လိုကြောင်းကို သာသနာရေးဝန်ကြီးဌာန၏ သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာနသို့ အကျိုးအကြောင်းတင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာ အဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို မိတ္တူပေးပို့ရမည်။
(၂)    ထိုသို့လျှောက်ထားခြင်းမှာ မည်သည့်အကြောင်းကို အခြေခံ၍ ကူးပြောင်းလိုခြင်းဖြစ်ကြောင်းကို ဖော်ပြရမည်။
(၃)    အိမ်ထောင်ရေးကိစ္စနှင့် ပတ်သက်၍ထိမ်းမြားရေးအတွက် (သို့) ကွာရှင်းရေးအတွက် (သို့) ပစ္စည်းခွဲခြားရေးအတွက် (သို့) အမွှေဆက်ခံရေးအတွက် ဖြစ်ကြောင်း စသည်တို့ကို မှန်ကန်စွာ ဖော်ပြရမည်။
(၄)    ၎င်းအပြင် ဘာသာအယူဝါဒနှင့် ပတ်သက်၍ ယုံကြည်ချက်ပြောင်းလဲလိုခြင်းအပေါ် အခြေခံခြင်း ဟုတ်မဟုတ်ကို ပြည့်စုံစွာဖော်ပြရမည်။
(၅)    ထိုသို့လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက လိုအပ်သလို အမှုဖွင့်စုံစမ်းရမည်။
(၆)    လိုအပ်လျှင် မူလလက်ဟောင်းဘာသာရေးအဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးအဖွဲ့အစည်း များ၏ သဘောဆန္ဒကို ရယူနိုင်သည်။
(၇)    ထိုသို့စုံစမ်းမှုကို (၆)လမှ (၁)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လျှောက်ထားသူမှာ မိမိ၏ ရိုးသားစွာ ယုံကြည်မှုကြောင့်မဟုတ်ဘဲ အခြားဘာသာ သာသနာကို ၀င်ရောက်စွက်ဖက်ရန်၊ ဖျက်စီးရန်၊ ပြဿနာဖြစ်ရန် (သို့) မရိုးသားသော အကြံအစည်တစ်ခုခုဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်းပေါ်လွင်လျှင် ထိုလျှောက်ထားချက်ကို အကြောင်းပြချက်များဖြင့် ပယ်ရမည်။
ထိုသူကိုလည်ကောင်း၊ အားပေးကူညီသူများနှင့် ပူးပေါင်းဆောင်ရွက်သူများကို လည်ကောင်း ရာဇသတ်ကြီး ဥပဒေများနှင့် အခြားတည်ဆဲ ဥပဒေများအရ အရေးယူတရားစွဲဆိုရမည်။
(၈)    ထိုလျှောက်ထားခြင်းမှာ သဘောရိုးဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်ရှားပါက ခွင့်ပြုကြောင်း အကြောင်းပြန်ကြား ရမည်။
(၉)    ထိုသို့ပြုလုပ်သည့်ကိစ္စရပ်များ၌ စာရင်းအင်းပြုလုပ်၍ မှတ်ပုံတင်ကဒ်ပြား ထားရှိရမည်ဖြစ်ပြီး ထိုလျှောက်ထားခြင်းအပေါ် စုံစမ်းစစ်ဆေးရခြင်းအတွက် လိုအပ်သော သင်တင့်မျှတသည့် အခကြေးငွေများကိုပါ တောင်းခံရယူရမည်။
(၁၀)  ထိုသို့ဘာသာအယူပြောင်လဲပြီးပါက နောက်ထပ်တဖန်ပြောင်းလဲရန် လျှောက်ထားခြင်းကို ခွင့်မပြုရ။
(၁၁)  ဤဥပဒေကို (               )ရက်နေ့တွင် ပြဌာန်းပြီး ချက်ခြင်းအာဏာတည်စေရမည်။
------ ဟူ၍ ပြဌာန်းပေးစေလိုပါကြောင်း ----------

မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
အရေးပေါ်ဥပဒေ(မူကြမ်း)
(၁)  ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။
(၂)  မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။
(၃)  ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဒဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားသူဖြစ်ရမည်။
(၄)  ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏ စာဖြင့်တရားဝင်ခွင့်ပြုချက်ကို လက်ခံရယူရမည်။
(၅)  အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ (သို့) ရပ်ကွက် အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုးလက်ထပ်ရမည်။
(၆)  အထက်ပါ ဥပဒေပြဌာန်းချက်များအတိုင်း မလိုက်နာပဲမြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအားပေးရမည်။
(၇)  ၎င်းအပြင် ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာ ပုဒ်မတို့နှင့်သာ သီးခြားအရေးယူအပြစ်ပေးရမည်။
(၈)  ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများနှင့် အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအသစ်ရေးဆွဲ ပြဌာန်းပြီးသည်အထိ ရုပ်သိမ်းထားရမည်။
(၉)  ဤအရေးပေါ်ဥပဒေကို (       ) ပြဌာန်းအတည်ပြုပြီး ချက်ချင်းအာဏာတည်စေရမည်။
-----  ဟူ၍ဖြစ်ပါသည်။ ----
          ယခုကဲ့သို့ အရေးပေါ်ဥပဒေကို ပြဌာန်းသည့်အခါတွင် လူ့အခွင့်အရေးကိစ္စကို အကြောင်းပြ၍ ကန့်ကွက်ရန် အကြောင်းအရာများရှိနိုင်ပါသည်။
          ယင်းကိစ္စနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းတင်ပြပါသည်။
(၁)     လူ့အခွင့်အရေးကြေညာစာတမ်းမှာ နိုင်ငံတကာမှ လိုက်နာကျင့်သုံးရန် ထုတ်ပြန်သော ကြေညာချက်မျှသာ ဖြစ်ပါသည်။
(၂)     ယေဘူယျအသွင်ဆောင်သောအချက်များသာဖြစ်ပါသည်။ အသေးစိတ်သတ်မှတ်မျိုး မဟုတ်ပါ။
(၃)     ထိုကြေညာစာတမ်းသည် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်မှုကိုလွှမ်းမိုးခြင်းရုတ်သိမ်းခြင်းမရှိပါ။
(၄)     ယခုအထက်တင်ပြထားသော အရေးပေါ်ဥပဒေမှာ ကျား/မ ချင်း လက်ထပ်ထိမ်းမြားပေါင်းသင်းခြင်းကို ပိတ်ပင်မှုမျိုးမဟုတ်ပါ။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူ၏ အရည်အချင်းကို သတ်မှတ်သော ပြဌာန်းချက်သာဖြစ်ပါသည်။
(၅)     အထက်တွင်ဖော်ပြထားသည့် အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာဝင် ဥပဒေများတွင်လည်း ယခုကဲ့သို့ (သို့) ယခုထက်ပို၍ တင်းကျပ်သော ကန့်သတ်ပြဌာန်းချက်များရှိပါက ထိုဥပဒေများရှိ ကန်သတ်ပြဌာန်းချက်များကိုမူ လူ့အခွင့်အရေးအရမကိုက်ညီပါဟု ဆန့်ကျင်ပြောဆိုခြင်း၊ ကန့်ကွက်ခြင်းမျိုး ယနေ့အထိ မရှိနိုင်ပါ။
(၆)     ယင်းသို့ ကန့်ကွက်မည်ဆိုပါက အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာ၊ နိုင်ငံခြားဘာသာ များကိုကိုးကွယ်သည့် ဘာသာများ၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ရာ ရောက်မည်ဖြစ်ပါသည်။http://pinlonthar.blogspot.com

ဟိန္ဒူဘာသာဝင်နှင့် ထိမ်မြားခြင်း နှင့် ခရစ်ယာန်ဘာသာဝင်နှင့် ထိမ်းမြားခြင်း



ဟိန္ဒူဘာသာဝင်နှင့် ထိမ်မြားခြင်း
          မြန်မာနိုင်ငံတွင် အတည်ဖြစ်လျှက်ရှိသော ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေအရ ဟိန္ဒူဘာသာဝင် အချင်းချင်းပင် ဇာတ်မတူပါက ထိမ်းမြားခြင်းမပြုနိုင်သဖြင့် ထိုအချိန်အခါက ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် တရားဝင်လက်ထပ်ရန် လုံးဝမဖြစ်နိုင်ပေ။ ဟိန္ဒူဘာသာတွင် (၁) ဗြာဟ္မဏ၊ (၂) ခတ္ထိယ၊ (၃) ဝေဿ နှင့် (၄) သုဒ္ဓ ဟူ၍ ဇာတ်လေးမျိုးရှိရာ ထိုဇာတ်လေးမျိုးတွင် ဟိန္ဒူများနှင့် မြန်မာဗုဒ္ဓဘာသာဝင်များ တရားဝင် ထိမ်းမြားရန်မဖြစ်နိုင်ဟု စီရင်ထုံးအဟောင်းများက ပြဆိုထားသည်။
ခရစ်ယာန်ဘာသာဝင်နှင့် ထိမ်းမြားခြင်း
          “ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေ”ပုဒ်မ ၄ အရ ခရစ်ယာန်နှင့်ခရစ်ယာန်မဟုတ်သူတစ်ဦး ထိမ်းမြားခြင်း ပြုနိုင်သည်။ သို့ရာတွင် ထိမ်းမြားခြင်းကို ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင်လည်းကောင်း ၊ ထိမ်းမြားခြင်း မှတ်ပုံတင်အရာရှိရှေ့တွင်လည်ကောင်း ၊ ထုံးပုံနည်းလမ်းတကျထိမ်းမြားမှသာလျှင် တရားဝင်သည်။ ယင်းကဲ့သို့ ထုံးပုံနည်းလမ်းတကျပြုသည့် ထိမ်းမြားမှုမှအပ အခြားနည်းထိမ်းမြားမှုများ တရားမ၀င်ဟု ပုဒ်မ ၄ တွင် တစ်ဆက်တည်း ပြဌာန်းထားသည်။
          ၎င်းအပြင် ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေအရ ထိမ်းမြားခြင်းဆိုင်ရာနှင့် ပတ်သက်၍ ဥပဒေပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် (သို့) မလိုက်နာလျှင် ထောင်ဒဏ်များ ငွေဒဏ်များအမျိုးမျိုး ချမှတ်ပေးနိုင်ကြောာင်း ပြဌာန်းထားရှိပါသည်။
          နမူနာအားဖြင့် ပုဒ်မ ၆၈ ။ မည်သူမဆို ဤဥပဒေ၏ ပုဒ်မ ၅ အရ ထိမ်းမြားပေးပိုင်ခွင့်ရှိသူ မဟုတ်ဘဲ နှစ်ဦးစလုံး ခရစ်ယာန်ဖြစ်သူ (သို့) တစ်ဦးဦးက ခရစ်ယာန်ဖြစ်သည်တို့ကို ထိမ်းမြားလက်ထပ်ပေးလျှင် (၁၀)နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သော ပြစ်ဒဏ် ကျခံစေရမည်။
          အထက်တွင် ဖော်ပြထားသော ဥပဒေရေးရာများကို သုံးသပ်လေ့လာပါက
(၁)     အစ္စလာမ်ဘာသာဥပဒေအရ ဘာသာကွဲနှင့်လုံးဝ လက်ထပ်ခွင့်မပြုကြောင်း ၎င်းတို့၏ ဥပဒေ ပြဌာန်းထားခြင်း။
(၂)    အစ္စလာမ်ဘာသာတွင် ဘာသာကွဲဖြစ်သူသည် အစ္စလာမ်ဘာသာသို့ တရားဝင်ကူပြောင်းပြီးသည့် အခါမှသာ လက်ထပ်ခွင့်ရရှိခြင်း။
(၃)     ဟိန္ဒူဘာသာတွင် ဘာသာကူပြောင်းခွင့်ပင် ခွင့်မပြုခြင်း။
(၄)     ခရစ်ယာန်လက်ထပ်ခြင်းဥပဒေတွင် မူဘာသာကွဲဖြစ်သူသည် မိမိဘာသာအရ ထိမ်းမြားလက်ထပ်ခွင့်မရှိဘဲ သက်ဆိုင်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ ခရစ်ယာန်ဘုန်းတော်ကြီး (သို့) လိုင်စင်ရ လက်ထပ်ခွင့်ပြုနိုင်သူ ကိုယ်တိုင်က ခရစ်ယာန် ထုံးတမ်းအစဉ်အလာအရ လက်ထပ်ခွင့်ပြုမှသာ ခွင့်ပြုနိုင်၍ ဘာသာကွဲဖြစ်သူသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းဝင်ရောက်ရခြင်းနှင့်မခြားပြုလုပ်ရန် ပြဌာန်းထားရှိပါသည်။
          အထက်ပါ အကြောင်းအချက်များအရ ဘာသာကွဲဖြစ်သူသည် အစ္စလာမ် နှင့်သော်လည်းကောင်း ၊ ခရစ်ယာန်နှင့်သော်လည်ကောာင်း ၊ တိုက်ရိုက်တစ်မျိုး ၊ သွယ်ဝိုက်၍တဖုံ လက်ထပ်ခွင့်မပြုကြောင်းကို ဥပဒေအဖြစ် အထင်အရှားပိတ်ပင်တားမြစ်ထားရှိပါသည်။
          သို့ရာတွင် မြန်မာဗုဒ္ဓဘာသာဝင်တို့တွင်မူ ဗုဒ္ဓဘာသာမဟုတ်သည့် မည်သည့် ဘာသာခြားကမဆို ၎င်းတို့ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ ထိမ်းမြားလက်ထပ်ခြင်းကို ခွင့်ပြထား၍ မြန်မာဗုဒ္ဓဘာသာတို့အနေဖြင့် အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည့်အပြင် အလွန်ရှက်ဖွယ်ရာလည်းဖြစ်သည်။
          လက်ရှိမြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေဖြင့် ဥပဒေ၏ အကာအကွယ်မဲ့ဘ၀သို့ရောက်ရှိလျှက် ရှိနေပါသည်။
          ၎င်းအပြင် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းနှင့်အမွေဆက်ခံမှု အက်ဥပဒေအရမှာလည်း ဗုဒ္ဓဘာသာမဟုတ်သော ဘာသာခြားက ၎င်း၏ဘာသာကို စွန့်လွှတ်ရန်မလိုဘဲ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို ကျေကျေနပ်နပ်ကြီး လက်ထပ်ရန်ခွင့်ပြုထားသည့် ဥပဒေအဖြစ်သာ လက်တွေ့အားဖြင့် ထင်ရှားလျှက်ရှိပါသည်။
          ၎င်းအပြင် မြန်မာဗုဒ္ဓဘာသာ ဥပဒေမှလွဲ၍ အစ္စလာမ်ဥပဒေ ၊ ဟိန္ဒူဥပဒေနှင့် ခရစ်ယာန်ဥပဒေတို့သည် ပြဌာန်းဥပဒေများအဖြစ် မြန်မာနိုင်ငံတွင် လက်ခံထားရပြီး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုမူ ပြဌာန်းဥပဒေအဆင့် လုံးဝမရှိဘဲ ဓလေ့ထုံးတမ်းဥပဒေအဆင့်သာ မြန်မာနိုင်ငံ၏ဥပဒေ၌ ရှိနေခြင်းမှာ အလွန်စိတ်မသက်သာစရာ ၀မ်းနည်းဖွယ်ရာမြင်တွေ့နေရပါသည်။ အလွန်ပင်သိမ်ငယ်သည့် အခြေအနေတွင်ရှိပါသည်။
          လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော မြန်မာနိုင်ငံတွင် မိမိအမျိုးသားအားလုံးနှင့် သက်ဆိုင်ပြီး လက်ရှိကာလမှ အစပြု၍ နောင်သားစဉ်မြေးဆက်များအထိ အလွန်အရေးကြီးသော မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို နိုင်ငံတော်၏ပြဌာန်းဥပဒေအဖြစ် ရောက်ရှိရန်ဆောင်ရွက်ပေးသင့်လှသည်ဖြစ်ပါသည်။
          လိုအပ်လျှင်လူတိုင်းဖတ်ရှုနားလည်သည့် လိုက်နာကျင့်သုံးနိုင်ရန် ပုဒ်မများတပ်၍ ရှင်းရှင်းလင်းလင်း အသစ်ရေးဆွဲပြီး ဥပဒေအဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန် အလွန်အရေးကြီးသော အချိန်အခါဖြစ်ပါသည်။
          လောလောဆယ်အားဖြင့် အောက်ပါအချက်အလက်များကို အရေးပေါ်ဥပဒေအဖြစ် ပြဌာန်းပေးစေလိုပါသည်။
http://pinlonthar.blogspot.com

မူဆလင် (အစ္စလာမ်ဘာသာဝင်) နှင့်ထိမ်းမြားခြင်း (စာအုပ်စာမျက်နှာ ၄၀)



အစ္စလာမ်ဘာသာအမျိုးသားနှင့် ဗုဒ္ဓဘာသာအမျိုးသမီး (သို့) ဗုဒ္ဓဘာသာအမျိုးသားနှင့်အစ္စလာမ်ဘာသာ အမျိုးသမီးတို့သည် တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုနိုင်ချေ။
        အကြောင်းမှာ မူဆလင်တစ်ယောက်အနေဖြင့် အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ် သည့်“ကီတာဘီ”မဟုတ်သူ နှင့် တရားဝင်ထိမ်းမြားခြင်းမပြုနိုင်ပေ။ သို့ရာတွင် အစ္စလာမ်ဘာသာကို ကူပြောင်ကိုးကွယ်ပြီး အစ္စလာမ်ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်းမြားလက်ထပ်လျှင်မူ တရားဝင်ထိမ်းမြား လက်ထပ်နိုင်သည်။
          ထိုအချိန်အခါက အစ္စလာမ်ဘာသာအမျိုးသားနှင့် အိမ်ထောင်ပြုကြသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့သည် မိမိတို့ အိမ်ထောင်ရေးကို တရားဝင်ဖြစ်စေလိုသည့်အတွက် မိမိတို့ကိုးကွယ်ရာဘာသာကို စွန့်လွတ်ပြီး အစ္စလာမ်ဘာသာသို့ ကူပြောင်းကာ မူဆလင်ဓလေ့ထုံးတမ်း နှင့်အညီ ထိမ်းမြားလက်ထပ်ကြသည်။
          အိမ်ထောင်ရေးအဆင်မပြေသဖြင့် အမျိုးသမီးက ကွာရှင်းပြတ်စဲလို၍ လျှောက်ထားလျှင် အစ္စလာမ်တရားဥပဒေအရ အဆုံးအဖြတ်ခံယူရသည်။ မူလက အစ္စလာမ်ဘာသာသို့ကူပြောင်း လက်ထပ်ခဲ့သူဖြစ်၍ ယင်းဘာသာသို့ကူးပြောင်းကိုးကွယ်ခြင်းမရှိပါဟု ခုခံချေပခွင့်မှာလည်း ပိတ်ပင်ခဲ့ပြီးဖြစ်နေသည်။ တစ်ဖက်တွင် ယောက်ျားကကွာလိုမှု၊ သူမအနေဖြင့် “တလာက်” သုံးကြိမ်အခေါ်ခံ၍ အလွယ်တကူကွာရှင်းခဲ့ရပြီးလျှင် လင်ယောက်ျားပစ္စည်းပေါ်တွင် မည်သည့်ပိုင်ဆိုင်ခွင့်မျှမရှိဘဲ အပစ်ပယ်ခံရသည်။
          “လင်နှင့်မယား အိမ်ထောင်ရေးအဆင်မပြေ၍ ရုံးပြင်ကနားရောက်သည့်အခါမှ မယားဖြစ်သူသည် မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်မြားခဲ့သော်လည်း လင်ယောက်ျားကိုးကွယ်ရာဘာသာ၏ ဓလေ့ထုံးတမ်းနှင့်အညီ မဆောင်ရွက်ခဲ့သဖြင့် ထိမ်းမြားမှုတရားမ၀င်၍ စားစရိတ်မှအပ မည်သည့်အကျိုးခံစားခွင့်မျှမရှိကြောင်း၊ မိမိတို့မွေးဖွားသည့်သားသမီးများသည်လည်း တရားမ၀င်ကြောင်း၊ မိမိမှ နိုင်ငံခြားသား၏ အပျော်မယားဘ၀သို့ ရောက်ခြင်းမလှ ရောက်ခဲ့ရကြောင်း၊ ခါးသီးသော ဘ၀သင်ခန်းစာတစ်ရပ် ခံစားလိုက်ရသည်။
          “အမျိုးသမီးအချို့ကလည်း ထိမ်းမြားမှုတရားဝင်စေရန်အလို့ငှာ ကြားဖူးနားဝရှိသော ပုဂ္ဂိုလ်များ၏ အကြံပေးချက်အရ မိမိတို့အမွန်မြတ်ဆုံးထားသည့် ကိုးကွယ်ရာဘာသာသို့ စွန့်လွတ်ပြီး ခင်ပွန်းကိုးကွယ်ရာ အစ္စလာမ် ဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာသို့ ကူပြောင်းကိုးကွယ်ကာ ၎င်းတို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်မြားလက်ထပ်ကြသည်။ ဤတွင်မှ နိုင်ငံခြားဥပဒေများအကြောင်း နဖူးတွေ့ဒူးတွေ့ဆိုသလိုသိကြ ခံစားရပြန်သည်။ အိမ်ထောင်ခန်း အမွေခန်းများတွင် လင်ယောက်ျားနှင့် သက်ဆိုင်သည့် ဥပဒေအရ စီရင်မှုခံယူကြရသဖြင့် မိမိတို့လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြန်မာဓလေ့ထုံးတမ်းဥပဒေ၏ အဖိုးတန်လှသော အကျိုးခံစား ခွင့်တို့ကို ၀မ်းနည်းကြေကွဲစရာသိရှိကြရသည်။
          ၎င်းအပြင် ထိုစာအုပ်၏စာမျက်နှာ (၄၇)တွင်လည်း “နိုင်ငံခြားသားများနှင့် ထိမ်းမြားခြင်းအခန်းကို သုံးသပ်လျှင် တိုင်းရင်းသား ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မျက်နှာပျက်ကြရသည့် အကြောင်းရင်းများမှာ ဘာသာရေး ၊ လူမျိုးရေး ၊ လူမှုရေးကိစ္စတို့တွင် ရောထွေးကျင့်သုံးခဲ့ကြရသည့် ဥပဒေအရှုပ်အထွေးပြဿနာကြောင့်လည်ကောင်း ၊ မြန်မာနိုင်ငံတရားရုံးများက နိုင်ငံအတွင်းနေ တိုင်းရင်းသားတို့ လက်ခံကျင့်သုံးသော ဓလေ့ထုံးတမ်းဥပဒေကို လေးစားရမည့်အခါ နိုင်ငံခြားသားယောက်ျား လက်ခံသည်ဆိုသောဥပဒေကို ဦးစားပေးမှုများကြောင့်လည်ကောင်း ၊ ဥပဒေနှစ်ရပ်ယှဉ်ပြိုင်ရာမှ ပဋိပက္ခဖြစ်သည့် ဥပဒေပြဿနာပေါ်ပေါက်သည့်အခါ ပြဌာန်းဥပဒေက ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနိုင်သော ဥပဒေကြောင့်လည်ကောင်း ဖြစ်ရကြောင်း တွေ့ရသည်။
http://pinlonthar.blogspot.com

၂ ။လက်ထပ်ထိမ်းမြားခြင်း



ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြခံဥပဒေ ၂၀၀၈-ခုနှစ်၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ  ခေါင်းစဉ်အောက်တွင်
                   ပုဒ်မ-၃၆၁            နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာ ဟု နိုင်ငံတော်က အသိအမှတ်ပြုသည် ။ ဟူ၍ လည်ကောင်း
                   ပုဒ်မ- ၃၆၂         နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည် ။ ဟူ၍ လည်ကောင်း
                   ပုဒ်မ- ၃၆၃           နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ၊ ဟု အထင်ရှားဆုံးပြဌာန်းထားရှိပါသဖြင့်----- ထိုဘာသာကြီးများ၏ မြန်မာနိုင်ငံ၌ လက်ရှိပကတိအခြေအနေကို လေ့လာသုံးသပ်ရန် လိုအပ်လာပါသည်။
          ယင်းသို့ လေ့လာသုံးသပ်ရန် လိုအပ်လာရသော အဓိကအကြောင်းရပ်မှာ ယခု ၂၀၁၂/၂၀၁၃ ခုနှစ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်များနှင့် မြန်မာဗုဒ္ဓဘာသာဝင်များသည် ရခိုင်ပြည်နယ်နှင် မိတ္ထိလာခရိုင် အစရှိသော မြန်မာနိုင်ငံအလယ်ပိုင်းမှစ၍ ပဲခူးတိုင်းအတွင်းထိ အလွန်ကြီးမားကျယ်ပြန့်သည့် ဘာသာရေးကို အခြေခံသည့်လူမျိုးရေးအဓိကရုဏ်းကြီးများနှင့် ပဋိပက္ခကြီးများသည် အရှိန်ပြင်းစွာ တုန်လှုပ်ခြောက်ခြားဖွယ်ရာပေါ်ထွက်လာခဲ့၍ အရေးပေါ်အခြေအနေတစ်ရပ်ထုတ်ပြန်ကြေညာပြီး တိုင်းပြည်ပြန်လည် အေးချမ်းအောင် ဆောင်ရွက်လျက်ရှိနေရခြင်းကပင်လျှင် ထိုဘာသာကြီးများ၏ လက်ရှိ အခြေအနေပေါ် ပြန်လည်လေ့လာသုံးသပ်ရန် အရေးတကြီးလိုအပ်လျှက်ရှိကြောင်းမှာထင်ရှားလျှက်ရှိပါသည်။
          ထိုပဋိပက္ခကြီးများမှာ ဘာသာရေးအသွင်ဆောင်သော ဘာသာရေးကို အခြေခံသော လူမျိုးရေး ပဋိပက္ခများဖြစ်ကြသည်ဟု နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များတွင် ပါရှိနေရာ  ယင်းပဋိပက္ခတို့၏ဖြစ်ဖြားခံရာ အဓိကအချက်မှာ ဘာသာမတူသူခြင်း ပေါင်းသင်းလက်ထပ်ရာမှာ အစပြု၍ မွေးဖွားလာသူများအထိ အကျိုးသက်ရောက်လျက်ရှိကြောင်း မြင်တွေ့ကြရပါသည်။
          ထို့ကြောင့် ထိုဘာသာကြီးများ၏ အိမ်ထောင်ရေး၊ အထူးသဖြင့် ဘာသာမတူသူနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အခန်းကဏ္ဍကို အထူးလေ့လာရန် လိုအပ်ပါသည်။
          ထိုဘာသာကြီးများနှင့် မြန်မာဗုဒ္ဓဘာသာတို့နှင့် ပတ်သက်သော ဥပဒေများအပေါ် (ကွယ်လွန်သူ) သမ္မတကြီး ဒေါက်တာဘဦး၊ (ကွယ်လွန်သူ) သမ္မတကြီး ဒေါက်တာမောင်မောင် ၊ (ကွယ်လွန်သူ) တရားဝန်ကြီးဒေါက်တာဧမောင် ၊ (ကွယ်လွန်သူ) တရားလွှတ်တော် တရားဝန်ကြီး ဦးမေအောင်မှစ၍ များစွာသော ဥပဒေပညာရှင်တို့ ရေးသားထုတ်ဝေခဲ့သော စာအုပ်များစွာ ရှိခဲ့သည်ဖြစ်ရာ ယခုခေတ် နောက်ဆုံး ပြည်သူ့တရားသူကြီးအဖွဲ့ (အငြိမ်းစား) သံအမတ်ကြီး (အငြိမ်းစား)ဖြစ် ဦးဘမော် (B.A Hons.B.L) ကိုယ်တိုင်းရေးသားထုတ်ဝေခဲ့သော  -မြန်မာနိုင်ငံအိမ်ထောင်ခန်းဥပဒေများ(Marriage Laws of Myanmar) စာအုပ် တစ်ခုတည်း နှင့်ပင် ပြည့်စုံလုံလောက်စွာ လေ့လာနိုင်ပါသည်။
          စာရေးသူ၏ ထိုစာအုပ် အမှာစာ၌
          “ဤစာအုပ်တွင် မြန်မာဓလေ့တိုးတမ်းဥပဒေ(အိမ်ထောင်ခန်း) ၊ အစ္စလာမ်တရားဥပဒေ(အိမ်ထောင်ခန်း) ၊ ခရစ်ယာန်ထိမ်းမြားခြင်းဥပဒေ ၊ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေ(အိမ်ထောင်ခန်း)နှင့် ၁၉၉၅ခုနှင့် ဟိန္ဒူထိမ်းမြားခြင်းဥပဒေ (အိန္ဒိယ) ၊ မြန်မာနိုင်ငံလင်မယားကွာရှင်းရေးဥပဒေ” တို့ကို မကျဉ်းမကျယ်ပြုစု၍ ထင်းရှားသောစီရင်ထုံးများနှင့်တကွ တင်ပြထားပါသည်။
          ဤကဲ့သို့ မိသားစုဥပဒေ(၄)ရပ်ကို တစ်စုတစ်စည်းတည်းပြုစုတင်ပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ_
          “တစ်ချိန်တည်းတွင်မိမိတို့ အိမ်ထောင်ခန်းဥပဒေကို အခြားအိမ်ထောင်ခန်းဥပဒေများနှင့် ယှဉ်တွဲလေ့လာလိုက အလွယ်တကူ ယှဉ်တွဲလေ့လာနိုင်ရန်၊ ဘာသာမတူသူများ တရားဝင် ထိမ်းမြားမှု ပြုလုပ်လိုပါက မည်သည့်ဥပဒေအရ ဆောင်ရွက်နိုင်သည်ကို သိရှိနိုင်ရန် အခြားမိသားစုဥပဒေများနှင့် ယှဉ်တွဲလေ့လာခြင်းဖြင့် မိမိတို့နှင့်သက်ဆိုင်ရာဥပဒေအရ အမျိုးသားနှင့် အမျိုးသမီးတို့၏ အိမ်ထောင်ရေးဆိုင်ရာ ခံစားခွင့်များသည် မည်သည့်အခြေအနေတွင်ရှိသည်တို့ကို သိရှိလေ့လာနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း အတူနေထိုင်ကြသူအချင်းချင်း နားလည်မှုနှင့် ပိုမိုရင်းနှီးမှုများဖြစ်စေရန်တို့ဖြစ်ပါသည်။” ဟူ၍ လည်ကောင်း
          မြန်မာအမျိုးသားနှင့် အမျိုးသမီးတို့သည် အခြားမိသားစုဥပဒေကိုမဆိုထားဘိ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုပင် သိရှိသူအလွန်နည်းသေးသည် ဟူ၍ လည်ကောင်း
          မိသားစုဥပဒေလေးရပ်စလုံးကို ယှဉ်တွဲပြုစုသည့် ရည်ရွယ်ချက်များတွင် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ အတွက်စိုးရိမ်ပူပန်မှုများရှိသည့် အကြောင်းအရင်းများလည်းပါဝင်ခဲ့ပါသည်။ ဟူ၍ လည်ကောင်း
          မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကိုမျှ မသိနားမလည်ကြသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးများသည် နိုင်ငံခြားသားများနှင့် အိမ်ထောင်ပြုကြသည့်အခါ ကျေးလက်တောရွာများတွင် မြန်မာအချင်းချင်း ထိမ်းမြားလက်ထပ်ကြသကဲ့သို့ အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် ဖိတ်ကြားကျွေးမွေးဧည့်ခံ၍ လူသိရှင်ကြား ထိမ်းမြား လက်ထပ်ကြသည်။
          “ယင်းပြဿနာများကို တရားရုံးများက တရားစီရင်ရေးဖြင့် တတ်နိုင်သမျှ ဖြေရှင်းခဲ့ကြရသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ သို့ရာတွင် တရားရုံးများသည် ဥပဒေဘောင်အတွင်းမှ ပြဿနာများကိုသာ တရားစီရင်ရေးဖြင့် ဖြေရှင်းနိုင်သဖြင့် ဥပဒေ၏ အားနည်းချက်ကိုမူ ဥပဒေပြုခြင်းဖြင့်သာ ဖြေရှင်းနိုင်ပေမည်။” ဟူ၍ ဖော်ပြထားပါသည်။