Saturday, February 23, 2013

ပြည်ထောင်စုဖွား ပအိုဝ်း တိုင်းရင်းသား



သွေးချင်းပအိုဝ်းတိုင်းရင်းသားတို့သည် ကိုယ်လက်ကြံ့ခိုင်တောင့်တင်းကြသည်။ အိုဝ်းတိုင်းရင်းသားတို့သည် ဖော်ရွေရည်မွန်၍၊ဆက်ဆံပေါင်းသင်းရန်ကောင်းသော ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးတစ်မျိုးပင်ဖြစ်သည်။စိတ် နေရိုးသားပြီး အလုပ်လုပ်ရာ၌၊ နိုးကြားကြိုးစားကြသည်။ အပင်ပန်းအဆင်းရဲခံနိုင်သော တိုင်းရင်းသားလူမျိုး တစ်မျိုး ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၆)၊ စာမျက်နှာ(၂၇၈) တွင် ပအိုဝ်းတိုင်းရင်းသားတို့သည် အကြောက်ကြီး လွန်းခြင်း၊ ဣနြေ္ဒကြီးလွန်းခြင်းမရှိပေ။ လွတ်လပ်စွာနေထိုင်လုပ်ကိုင်စားသောက်လိုသောစိတ် ရှိကြပြီး၊ မိမိတို့ဖာသာ စီမံအုပ်ချုပ်နိုင်သောအစွမ်းလည်းရှိကြသည်ဟုရေးသားဖော်ပြထားလေသည်။
          ပြည်ထောင်စုဖွား တို့သွေးတို့သားတိုင်းရင်းသားများဖြစ်ကြသော ပအိုဝ်းတိုင်းရင်းသားတို့၏ လူနေမှု အဆင့် အတန်းမှာ တိုးတက်ခြင်းမရှိဟုဆိုရပေလိမ့်မည်။ ဤသို့မတိုးတက်ရခြင်းမှာလည်း“ အရင်းစစ်သော်၊ အမြစ်မြေက ” ဆိုသကဲ့သို့ အကြောင်းရှိပါသည်။ မျက်မြင် ကိုယ်တွေ့လေ့လာမှုအပေါ်မူတည်၍ သုံးသပ်လိုပါသည်။ လူမျိုးစုငယ် ဖြစ်သော ပအိုဝ်းတိုင်းရင်းသားတို့တွင် ထင်ပေါ်မှုမရှိရခြင်းမှာ အောက် ပါအချက်များကြောင့်ဖြစ်ရသည်ဟု ဆိုချင် ပါသည်-
(၁) ပအိုဝ်းတိုင်းရင်းသားတို့၏သမိုင်းစဉ်ကိုပြန်လည်ဖော်ထုတ်ရေး၊

(၂) ပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊

(၃) သမားရိုးကျစိုက်ပျိုးရေးအစား၊သိပ္ပံနည်းကျစိုက်ပျိုးရေးကိုအားပေးအစားထိုးရေး၊

(၄) စီးပွားရေးအချောင်သမားများပပျောက်ရေး၊

(၅) လမ်းပန်းအဆက်အသွယ်ကောင်းမွန်ရေးစသည်တို့ပင်ဖြစ်ပါသည်။
 
          ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိ၏။ ရေရာတိကျသော နောက်ခံသမိုင်း ကြောင်းမှုန်ဝါးနေရခြင်းမှာ ကျောက်စာ၊ ပေစာများဖြင့် ကမ္ပည်းထိုးမှတ်တမ်းတင်ထားခဲ့ခြင်းမရှိသောကြောင့် ဖြစ်ပေ သည်။ မှုန်ဝါးသော သမိုင်းစဉ်ကို ထင်ရှားလာစေရန် ကြိုးစားသင့်ပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းစဉ်ကို ဖော်ထုတ်ခြင်းအားဖြင့်၊ ပအိုဝ်းတိုင်းရင်းသားတို့အတွက် ဂုဏ်ယူလိုမှု၊ အားတက်မှု၊ ဖွံ့ဖြိုးမှုအတွက် အကူအပံ့ ဖြစ်နိုင်စရာရှိပေသည်။
          ပညာရေးသည် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ရေသောက်မြစ်ဖြစ်၏။ သို့သော် ပအိုဝ်းတိုင်းရင်းသား တို့၏ ပညာရေးခံယူချက် ကား အားရဖွယ်မရှိသေးပေ။ ပအိုဝ်းတိုင်းရင်းသားတို့၏ လူမှုအဖွဲ့အစည်းတွင်ပညာရေးကို အားပေးမှုမရှိသေးပေ။ ထို့ကြောင့်ပအိုဝ်း တိုင်းရင်းသားတို့၏ ၈၀ရာခိုင်နှုန်းသည် စာမတက်သူများဖြစ်နေပေသည်။
၎င်းတို့၏ မြေကိုသာအရင်းပြုပြီး၊ အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်သဖြင့်၊ မြေရှိလျှင် ထမင်းမငတ်နိုင် ပညာကို သင်သူသည် တစ်နေ့တွင်မိရိုးဖလာလုပ်ငန်းကိုသာ ပြန်လည်လုပ်ကိုင်ကြရသည်။ ပေါက်တူးကိုင်သောလက်သည် မည်သည့်အခါမျှ ကလောင်ကိုင်သောလက်မဖြစ်လာဟု လှေနံဓားထစ်ယူဆနေကြသည်။ ပညာတက်ပအိုဝ်း တိုင်းရင်း သားလူငယ်များလည်း၊ အစိုးရလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြခြင်းနည်းပါးသဖြင့် ၄င်းတို့၏အယူအဆကို ရေလောင်းပေးနေသကဲ့သို့ဖြစ်နေပေသည်။
          ပအိုဝ်းတိုင်းရင်းသားလူငယ်များသည် မူလတန်းပညာလောက်ကိုသာ သင်ယူထားကြသည်။ ထို့ကြောင့် မူလတန်းကုန်လျှင် စီးပွားရေးလုပ်ငန်း၊ တောင်ယာလုပ်ငန်းများတွင်သာစိတ်ပါဝင်စားစွာ ဆက်လက်လုပ်ကိုင်ကြ၏။ အခြေခံပညာရေးနှင့်၊ တက္ကသိုလ်ပညာရပ်များ ဆက်လက်ဆည်းပူးသူများမှာ လူဦးရေနှင့်စာလျှင် အလွန်နည်းပါး လွန်းလှပေသည်။
          အချို့သော ပအိုဝ်းတိုင်းရင်းသားလူငယ်များမှာ ပညာကိုဆက်လက်ဆည်းပူးလိုကြသည်။ သို့သော် မိဘ ဆွေမျိုးများက အားပေးမှုမရှိခြင်း၊ ပတ်ဝန်းကျင်အခြေအနေများက လွှမ်းမိုးခြင်းခံနေရပေသည်။ ပအိုဝ်းတိုင်းရင်းသား ထုအတွင်းသို့ပညာရေးလက်နက်ဖြင့် ထိုးဖောက်ဝင် ရောက်နိုင်အောင် ပညာတက်ပအိုဝ်းတိုင်းရင်းသားလူငယ်များက နည်းပေးလမ်းပြဖြင့်စည်းရုံးကြိုးပမ်းသင့်ပေသည်။
          စိုက်ပျိုးရေးတွင် မိရိုးဖလာစိုက်ပျိုးနည်းကိုပယ်ဖျက်၍ သိပ္ပံနည်းကျစိုက်ပျိုးရေးကိုအစားထိုးနိုင်အောင် ကြိုးစား သင့်ပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ၀ီရိယရှိသူများလည်းဖြစ်ကြသည်။ ရှမ်းကုန်းပြင်မြင့်ဒေသသည် ရာသီ ဥတုမျှတ၏။ မြေသြဇာကောင်းမွန်၏။ မျိုးကောင်းမျိုးသန့်များကိုစိုက်ပျိုး၍၊ ပိုးမွှားကာကွယ်ဆေးများ စနစ်တကျ သုံးလျှင်၊ သီးနှံအတွက်တိုးနိုင်ပေသည်။ သိပ္ပံနည်းကျစိုက်ပျိုးရေး စနစ်ကို အစားထိုးနိုင်ပါက၊ “ များများထွက်၊ ပေါပေါ ရောင်း၊ ကောင်းကောင်းစား ” ဆိုသကဲ့သို့၊ စားသုံးသူအတွက်လည်း ချောင်လည်နိုင်၏။ ပအိုဝ်းတိုင်းရင်းသား တို့အတွက်လည်းစီးပွားဖွံ့ဖြိုးတိုးတက်နိုင်၏။နိုင်ငံ၏စီးပွားရေးမှာလည်းတိုးတက်မည်ဖြစ်ပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့အပေါ်တွင် မတရားခေါင်းပုံဖြတ်သည့် စီးပွားရေးအချောင်သမားတို့ရှိနေပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့ သည် မိမိတို့၏ လုပ်အားကို မတရားခေါင်းပုံဖြတ်၍၊ စီးပွားရှာနေသူများကို ကုသိုလ်ကံထူး၍ ချမ်းသာနေကြသူများဟုယူဆနေကြသည်။ ဤသို့ဖြစ်ရခြင်းမှာလည်း ပညာတက်လူဦးရေနည်း၍ အမြင်မပွင့်လင်း သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေးအချောင်သမားများကို မိမိတို့အပေါ် မတရားခေါင်းပုံဖြတ်သူ များအဖြစ်သိရှိရန်လိုအပ်ပေသည်။
          ဤသို့သိရှိလာအောင်လည်း ဟောပြောမှုရှင်းလင်းမှုများပြုလုပ်ပေးသင့်၏။ ငွေရှင်ကြေးရှင်တို့သည် မိမိတို့ အပေါ်မတရားခေါင်းပုံ ဖြတ် အမြတ်ထုတ်နေသဖြင့် ရသင့်သည့်လုပ်အားခများ မရခဲ့သည်ကို သိမြင်လာနိုင်ပေသည်။ ထို့ကြောင့်တောင်ယာထွက် သီးနှံများကို စားသုံးသူများထံသို့ တိုက်ရိုက်ရောက်ရှိရအောင် ကြိုးပမ်းဖို့လိုပေသည်။ ထွက်ကုန်သီးနှံများကို စားသုံးသူများထံတိုက်ရိုက်ရောက်အောင် ဆောင်ရွက်နိုင်ပါက ကြားဖြတ်အမြတ်ကြီးစားများ ပပျောက်နိုင်ပေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ထွက်ကုန်များကို စားသုံးသူထံ တိုက်ရိုက် ရောက်အောင် သမ၀ါယမစနစ်ဖြင့် ၀ယ်ယူဖြန့်ဖြူးသင့်ပေသည်။ သမ၀ါယမစနစ်ဖြင့် အောင်အောင်မြင်မြင် ၀ယ်ယူဖြန့်ဖြူးနိုင် ပါက ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့လုပ်သမျှ လုပ်အားခကိုအပြည့်အ၀ ခံစားနိုင်လာမည်ဟုမျှော်လင့်ရပေသည်။
          လမ်းပန်းဆက်သွယ်ရေးသည် တိုင်းပြည်တစ်ပြည်၏ အဓိကအရေးကြီးသော သော့ချက်ကြီးပင်ဖြစ်၏။ ပအိုဝ်း တိုင်းရင်းသားတို့ နေထိုင်ရာဒေသတွင် လမ်းပန်းဆက်သွယ်ရေး အလွန်ညံဖျင်းသည်ကို တွေ့ရပေသည်။ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုရှိခြင်းကြောင့် ထွက် ကုန်များကို အချိန်မီ မတင်ပို့နိုင်သဖြင့် ဆုံးရှုံးမှုများဖြစ်ပေါ်ကြရ၏။
ပအိုဝ်းတိုင်းရင်းသားတို့၏ နေထိုင်ရာဒေသတွင် အဓိကထွက်ကုန်များမှာ သနပ်ဖက်၊ သစ်တော့သီး၊ အာလူး စသည်တို့ဖြစ်သည်။ လမ်းပန်းအဆက်အသွယ် ညံ့ဖျင်းမှုများကြောင့် သနပ်ဖက်များမှာ မြို့ကြီးများသို့ရောက်ရန် အတွက် အတန်တန်သွားရ၏။ ထို့ကြောင့် ဈေးနှုန်းသည်မကြီးသင့်ဘဲကြီးရလေသည်။ အချို့မှာလည်း ခရီးစရိတ်က ကြီးလွန်းသဖြင့်၊ မိမိတို့ကိုယ်တိုင် မြို့ကြီးများသို့ဆင်း၍ မရောင်းချနိုင်ခဲ့ချေ။ ထိုအခါ မိမိတို့ထံလာရောက် ၀ယ်ယူ သော ငွေရှင်ကြေးရှင်များထံရောင်းကြလေသည်။ ထို့ကြောင့် လမ်းပန်းအဆက်အသွယ် ညံ့ဖျင်းမှုသည် ကုန်ဈေးနှုန်း များကိုကြီးမြင့်စေသည် သာမက ခေါင်းပုံဖြတ် အမြတ်ကြီးစားများတို့ကို အားပေးရာလည်းရောက်နေပေသည်။
          မိုးရာသီတွင်ပေါ်သော သစ်တော့သီးမှာလည်းလမ်းပန်းအခက်အခဲများကြောင့် အချို့မှာပုပ်သိုးပျက်စီးရလေ သည်။ အချို့မှာ ခရီးကြန့်ကြာသဖြင့် အချိန်မီဖြန့်ဖြူးနိုင်ရန်အတွက် သစ်တော့သမီးများကို အဆောတလျင် ခူးဆွတ် ကြရသည်။ ထို့ကြောင့်လေလွင့်ပျက်စီးမှု များဖြစ်ပေါ်ရသည်။ အချို့သောခြံရှင်များမှာ လမ်းပန်းခက်ခဲမှုများကြောင့်၊ သစ်တော့သီးများကိုရောင်းချရန် မလွယ်ကူသဖြင့် မိမိတို့၏သစ်တော့ပင်များကို ခုတ်ထွင်ရှင်းလင်းပစ်ပြီး၊ အခြား သီးနှံပင်များကိုအစားထိုးစိုက်ပျိုးကြသည်လည်းရှိသည်။
          အကယ်၍သာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အဆင်ပြေမည်ဆိုပါက၊ ခြံလုပ်သားတို့၏ စီးပွားရေးသည် လည်းတိုးတက်ကောင်းမွန်လာနိုင်ပေသည်။ မြေပြန့်ဒေသမှစားသုံးသူများတို့သည်လည်း တောင်ပေါ်သီးနှံများကို လတ်လတ်ဆတ်ဆတ်နှင့်ပေါပေါများများ စားသုံးနိုင်ကြမည်ဖြစ်ပေသည်။ အချို့နေရာများတွင် အစိုးရနှင့်ပြည်သူ ပူးပေါင်း၍ လမ်းများဖောက်လုပ်သည်လည်းရှိသည်။ ထို့ကြောင့်သက်ဆိုင်ရာမှ တောင်ပေါ်နေပအိုဝ်းတိုင်းရင်းသား များဒေသတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေရန်အတွက် အစိုးရနှင့်ပအိုဝ်းတိုင်းရင်းသားတို့ ပူးပေါင်း လုပ်ဆောင်ကြရန်လိုပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ တိုးတက်ရေးသည် လမ်းပန်းဆက်သွယ်ရေးပေါ်တွင်များမှ မူတည်နေပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် သဘောထားကြီး၏။ အခက်အခဲတွေ့လျှင် အကူအညီပေးတက်၏။ သူတပါး ကိုလိမ်လည်ပြောဆိုရန် ၀န်လေးတတ်ကြသည်။ မသိမကျွမ်းသူများကို ကူညီပေးတတ်ကြသည်။ အိမ်သို့အလည်လာ သော မည်သည့်ပုဂ္ဂိုလ်မျိုးကိုမဆို ရင်းနှီးစွာဧည့်ခံကျွေးမွေးတတ်ကြသည်။ ရေနွေးကြမ်းနှင့်မြည်းစရာ တစ်မျိုးမျိုးနှင့် ဧည့်ခံ၏။ လာရောက်တည်းခိုသော ဧည့်သည်ကိုလည်းထမင်းမှအစ အရာရာပြည့်စုံအောင် ဧည့်ခံပြုစုလေသည်။ ဧည့်ခံကျွေးမွေးသည်ကိုငြင်းပယ်ပါက စိတ်မကောင်းတတ်ကြချေ။ ၄င်းတို့အား မသိမကျွမ်းကြသော်လည်း ပြောဆိုနှုတ်ဆက်ပါကဖော်ရွေစွာခွန်းတုံ့ပြန်ကြသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် အမျိုးအနွယ်ကို စောင့်ထိန်းကြ၏။ ကိုယ်လက်အင်္ဂါကြံ့ခိုင် တောင့်တင်းကြ သည်။ သတ္တိလည်းကောင်းကြသည်။ ဖော်ရွေ၍ဆက်ဆံပေါင်းသင်းကောင်းသော လူမျိုးများဖြစ်ကြ၏။ အရှက် အကြောက်ကြီးလွန်းခြင်း၊ ဣနြေ္ဒကြီးလွန်းခြင်းမရှိပေ။ ရှမ်းပြည်နယ်တွင် ခြံ၊ လယ်ယာခြံလုပ်ကိုင် စားသောက်ကြ သည်။ လွတ်လပ်စွာလုပ်ကိုင်စားသောက်လိုစိတ်များရှိကြသည်။ အလုပ်ကိုကြိုးစား လုပ်ကိုင်ကြသူများဖြစ်ကြသည်။ ပအိုဝ်းကျေးလက်တောရွာများတွင်အလုပ်မလုပ်ဘဲတောင်းရမ်းစားသောက်သူလုံးဝမရှိပေ။
          ပအိုဝ်းတိုင်းရင်းသားတို့သည် အများကသတ်မှတ်သည့် စည်းကမ်းများကို လိုက်နာ၏။ ထို့ကြောင့် စည်းကမ်း ရှိသူများပင်ဖြစ်လေသည်။ စုပေါင်းလုပ်ဆောင်သည့် စိတ်ဓါတ်ရှိပြီး အများအကျိုးကို ကိုယ့်အကျိုးကဲ့သို့ သဘော ထား၍ကူညီလုပ်ဆောင်ပေးတတ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် စုပေါင်းလုပ်ဆောင်ခြင်း၊ မိသားစု စိတ်ဓါတ်ရှိခြင်း၊ တူညီသောရိုးရာဝတ်စုံများရှိခြင်းသည် ၎င်းတို့၏ အတွင်းအဇ္ဈတ္တသန္တာ၌ ရှေးပဝေသဏီကပင် ကိန်းအောင်းသန္ဓေတည်ခဲ့ပြီးဖြစ်သည်ဟုဆိုနိုင်ပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် သုံးရာသီလုံးမဆုတ်မနစ်အလုပ်လုပ်ကြသည်ကို ရှမ်းပြည်သို့ ရောက်ဖူးသူများ သိကြပေလိမ့်မည်။ နေ့မအားညမအား အလုပ်နှင့်လက်မပြတ် လုပ်ကိုင်နေကြသော်လည်း၊ လှပဖို့၊ တန်ဆာဆင်ဖို့ မဟုတ်ပါ။ တစ်နှစ်တွင် တစ်ကြိမ်နှစ်ကြိမ်ကျ အလှူဒါနများ ကြီးကြီးကျယ်ကျယ် ပြုလုပ်တတ်ကြသောမိမိတို့၏ စေတနာက လှုံဆော်၍ပိုမိုအလုပ်လုပ်ကြခြင်းဖြစ်သည်။ ပအိုဝ်းတိုင်းရင်း သားတို့သည် ရသမျှရှာပြီး၊ ရှာ၍ရသမျှကို အလှူဒါနပြုလိုက်ကြသည်မှာ၎င်းတို့၏ဗီဇစရိုက်ပင်ဖြစ်လေသည်။
          ပစ္စည်းရှာသော်လည်း မက်မက်မောမော မစုတတ်ကြပါ။ အလုပ်လုပ်လျှင်ငွေရမည်။ ထမင်းစားနိုင်မည်။ ၀တ်စုံ အနက်ဝယ်နိုင်မည်။ပွဲလည်နိုင်မည်။ဘုရားလှည့်လည်ဖူးနိုင်မည်။ဤသို့သာအမှတ်ပြုထားကြသည်။ ထို့ကြောင့် ရှမ်းပြည်ရှိ ကျော်ကြားသော်စေတီပုထိုးများတွင် လည်းကောင်း၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လှည့်လည် ဘုရားဖူးကြသည်။သွားရောက်လည်ပတ်တိုင်းမိမိတို့ရိုးရာဝတ်စုံများကိုသာ၊၀တ်ဆင်သွားကြသည်ကိုတွေ့နိုင်ပါသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် မြေသာလျှင်၎င်းတို့၏ဘ၀တစ်လျှောက်လုံးအတွက် ချစ်ခင်စရာဟူ၍ မှတ်ယူ ထားကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် လုပ်အားကိုအရင်းတည်၍ ရိုးသားစွာ အသက်မွေးကြသူများ ဖြစ်ကြသည်။ မတရားသဖြင့်အသက်မွေးကြသူများဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ထို့ပြင်ပအိုဝ်းတိုင်းရင်းသား တို့သည် စည်းလုံးကြသည်။ ညီညွတ်ကြသည်။ ဇွဲရှိပြီး လုံ့လ၀ီရိယသန်သူများလည်း ဖြစ်ကြသည်။ မဟုတ်လျှင် မခံသောစိတ်ထားရှိသည်။ ဒုစရိုက်ကို ရှောင်ပြီး၊ သုစရိုက်ကို ဆောင်ကြသူများဖြစ်ကြသည်။ မိမိအချင်းချင်းလည်း သစ္စာရှိ၏။ အခြားတိုင်းရင်းသားများအပေါ်တွင်လည်း ကတိတည်၏။ ကူညီတတ်၏။ အရက်သေစာ သောက်စားသူများရှိသော်လည်း၊ အလွန်အကျွံမူးယစ်သောက်စားခြင်းမျိုးကိုမုန်းတီးကြသည်။ ရွံရှာကြသည်။ ဘိန်းစား များကိုမလိုလားကြပေ။အရေးကြီးလျှင်လည်းသွေးနီးကြသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် ယနေ့တိုင်ရိုးရာဝတ်စုံဖြစ်သည့်အနက် သို့မဟုတ် နက်ပြာဝတ်စုံကို အမျိုးသား ရောအမျိုးသမီးပါ ၀တ်ဆင်နေကြဆဲဖြစ်သည်ကို တွေ့ရပေသည်။ ကအိုဝ်းတိုင်းရင်းသားတို့၏ အနက်ရောင်ဝတ်စုံ သည် တစ်သွေးတစ်ရောင်တည်းဖြစ်သဖြင့် ၎င်းတို့အတွက် “ အား ” သို့မဟုတ် စည်းလုံးညီညွတ်မှု၏ သင်္ကေတကို ပြဆိုနေပေသည်။ တူညီသောရိုးရာဝတ်စုံအနက်ရောင်သည် ၎င်းတို့အတွက်သာမက မြင်ရသအတွက်လည်း နှစ်သက်မြတ်နိုးဖွယ်ဖြစ်ပေသည်။
          လူမူရေးအရကြည့်မည်ဆိုလျှင်လည်း တစ်ဦးနှင့်တစ်ဦးတုပပြိုင်ဆိုင်ခြင်း၊ ကြွားဝါခြင်း၊ ပကာသနကင်းခြင်း စသည်တို့ကို ညွှန်ပြနေပေသည်။ နိုင်ငံရေးအရကြည့်ပြန်လည်း တူညီသောရိုးရာဝတ်စုံအနက်ရောင်သည် တစ်သွေး တစ်သား တစ်သဘောတည်းဖြစ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းအဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပေးသည်ဟု ဆိုနိုင်ပေ သည်။ အပြင်ဗဟိဒ္ဓတွင် အနက်ရောင်ကိုဆင်မြန်းထားသော်လည်း၊ အတွင်းအဇ္ဈတ္တမနောတွင် ရိုးသားဖြူစင် ဖြောင့်မတ်သူများဖြစ်ကြပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့တွင် ရှေးနှစ်ပေါင်းများစွာကပင် စာပေနှင့်ယဉ်ကျေးမှုများဖူးပွင့်ဝေဆာခဲ့ကြသည်။ မြေရှင်ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်၊ အရင်းရှင်စနစ်စသည့် စနစ်ဆိုးများအောက်တွင် ကာလကြာရှည်စွာ ဖြတ်သန်း လာခဲ့ကြသဖြင့် မိမိတို့၏လူမျိုးနှင့်စာပေကို ထိန်းသိမ်းမြှင့်တင်ပြုစုပျိုးထောင်ခွင့်အားနည်းခဲ့ရသည်။ ထို့ကြောင့် အချို့တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စာပေနှင့်ယဉ်ကျေးမှုတိမ်ကော မှေးမှိန်ခဲ့ရသည်။ ပအိုဝ်းတိုင်းရင်းသား တို့၏စာပေနှင့်ယဉ်ကျေးမှုသည်လည်း တိမ်ကောမှေးမှန်ခဲ့ရသည်။ တိုင်းရင်းသားလူမျိုးအသီးသီးတို့ ပေါင်းစပ် ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်တော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ဖွံ့ဖြိုးပြီး၊ စည်းလုံးခိုင်မာ တည်တံ့သောနိုင်ငံ အဖြစ်တည်ဆောက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်ကြမှသာလျှင် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကိုလည်းကောင်း၊ အခြေခံဥပဒေကို ကာကွယ်စောက်ရှောက်ရာ တွင်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံတော်အဓွန့်ရှည်ရေးအတွက်လည်းကောင်း၊ ထက်မြက်ထိရောက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
          ဤစာအုပ်သည်ပအိုဝ်းတိုင်းရင်းသားတို့၏ယဉ်ကျေးမှုဓလေ့ထုံစံကိုသိရှိနားလည်စေမည်ဟုယုံကြည်ပါ သည်။ တိုင်းရင်းသားလူမျိုး အချင်းချင်း တစ်ဦး၏အကြောင်းကိုတစ်ဦးက သိခွင့်ရလျှင် ပို၍စည်းလုံးမှုကိုရရှိစေနိုင်ပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့စာပေနှင့်ယဉ်ကျေးမှုကိုထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် မိမိတို့နေထိုင်ရာ ဒေသ၊ မြို့ရွာနယ်ပယ်များတွင်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီများ ဖွဲ့စည်းထားပါက၊ မိမိတို့၏စာပေ ယဉ်ကျေး မှု၊ ဓလေ့ထုံစံများကိုပိုမို၍ ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ပအိုဝ်းကျေးရွာများတွင် စာပေ သင်တန်းများ၊ “ အ ” သုံးလုံးကျေသင်တန်းများဖွင့်လှစ်နိုင်ရေး၊ ပအိုဝ်းစာပေနှင့် စာအုပ်စာတမ်းများစုဆောင်း၍ စာကြည့်တိုက်ဖွင့်လှစ် နိုင်ရေး၊ ဆို-က-ရေး-တီးသင်တန်းများ ဖွင့်ပေးနိုင်ရေး၊ ပြတိုက်များဖွင့်လှစ်ပေးနိုင်ရေး၊ စကားရည်လုပွဲများ ကျင်းပနိုင် ရေး၊ မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံများ၊ သမိုင်းရာဇ၀င်ဒဏ္ဍာရီပုံပြင်များ၊ တေးသီချင်းများစုဆောင်းပြီး သုတေသနပြုနိုင်ရေးအတွက်စနစ်တကျဖော်ထုတ်သင့်ပေပြီ။
          ပြည်ထောင်စုဖွား ပအိုဝ်းတိုင်းရင်းသားများတို့သည် ကျေးလက်တောရွာများတွင် အများဆုံးနေထိုင်ကြသူများ ဖြစ်ကြသည်။ ရိုးသားသူများလည်းဖြစ်ကြသည်။ ၎င်းတို့၏ ပညာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမူရေးစသည်တို့တွင် အစစအရာရာတိုးတက်လာစေရေးအတွက်ပညာပေးစည်းရုံးခြင်းများပြုလုပ်ရန်လိုပေသည်။
          တိုးတက်သည့်ဒေသများနှင့်အဆင်ပြေပြေဆက်ဆံနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် အောင်ကြိုးစားဖို့လို ပေသည်။ ဤမျှဆိုလျှင် တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ တစ်အူတုံးဆင်းညီရင်းအစ်ကို၊ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သော ပအိုဝ်းတိုင်းရင်းသားတို့၏ အကြောင်းကို စေ့စုံစွာမဟုတ် သော်လည်း အတော်အသင့်သိကြရပြီ။ တို့သွေးတို့သား ပအိုဝ်း တိုင်းရင်းဘွားတို့၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုသားတို့အချင်းချင်းယိုင်းပင်းကူညီကာဆောင်ရွက်ကြပါစို့။ ။

တိုင်းရင်းသားအချင်းချင်း၊ ပိုမိုသိနားလည်နိုင်ကြပါစေ။

ပိုမိုခင်မင်ရင်းနှီးလာနိုင်ကြပါစေ။

ပိုမိုစည်းလုံးညီညွတ်လာကြပါစေ။

အရာရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။

No comments:

Post a Comment